သွေးလည်ပတ်မှု ကောင်းအောင် ဒါတွေလုပ်ပေးပါ
အသားအရေလေးက သွေးရောင်လေး သန်းနေတယ်။ ခန္ဓာကိုယ်က ပေါ့ပါးသွက်လက် ကျန်းမာနေတယ်ဆိုတာ သွေးလှည့်ပတ်မှုကောင်းနေလို့ပါ။ သွေးက ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်သလို သွေးနဲ့အတူ အောက်စီဂျင်ကိုပါ တစ်ကိုယ်လုံးအနှံ့ သယ်ပေးပါတယ်။
ဒါ့ကြောင့် ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ကိုယ်ခံအားစနစ်ကိုလဲ ပိုကောင်းပြီး ရောဂါကာကွယ်နိုင်ဖို့ဆိုရင် သွေးလှည့်ပတ်မှုကောင်းနေဖို့က အဓိကကျပါတယ်။
ဒါပေမယ့် တစ်ခါတစ်ရံမှာ သွေးလှည့်ပတ်မှု လျော့နည်းသွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်း ကိုလက်စထရောများသူတွေ ၊ ဆေးလိပ်သောက်သူတွေ၊ အဝလွန်သူတွေ၊သွေးအားနည်းရောဂါရှိသူတွေ၊ သွေးတိုးနဲ့ ဆီးချိုရောဂါထိန်းချုပ်မှု အားနည်းသူတွေမှာ သွေးကြောတွေ ကျဉ်းမြောင်းတာနဲ့ ပိတ်ဆို့တာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို သွေးစီးဆင်းမှုတွေ နည်းလာတဲ့အခါမှာ အားမရှိပဲ နုံးခွေလာမယ်၊ အာရုံစူးစိုက်မှု အားနည်းလာမယ်၊ ခြေဖျားလက်ဖျားတွေ အေးလာမယ်၊ ဆံပင်တွေ ကျွတ်လာမယ်၊ အနာကျက်နှေးလာမယ်၊ အမျိုးသားတွေမှာ လိင်ကိစ္စမစွမ်းဆောင်နိုင်တာတွေ စတဲ့ လက္ခဏာတွေ ကြုံလာနိုင်ပါတယ်။
ဒါဆိုရင် သွေးလှည့်ပတ််မှုကောင်းအောင် ဘယ်လိုနေကြမလဲ?
(၁) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
ပြေးတာ၊ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ စတဲ့ နှလုံးကို အလုပ်ခိုင်းတဲ့ လေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာရေး အထောက်အပံ့ဖြစ်စေသလို သွေးလှည့်ပတ်မှုကိုလဲ ကောင်းစေပါတယ်။
(၂) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေသလို သွေးကြောနံရံတွေကိုလဲ ဖျက်စီးနိုင်တာကြောင့် သွေးကြောပိတ်တဲ့အထိ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဖြတ်ဖို့ အရေးကြီးပါတယ်။
(၃) ရေနွေးကြမ်းသောက်ပေးပါ
သဘာဝ Herbal အရွက်တွေဖြစ်တဲ့ Green Tea ၊ Chamomile စတာတွေကို ရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးရင် Antioxidant တွေကို ပိုများစေလို့ သွေးလှည့်ပတ်မှုတွေ ကောင်းလာမယ်၊ နှလုံးကနေ သွေးညှစ်အားတွေ ပိုပြီး စွမ်းဆောင်နိုင်ပါလိမ့်မယ်။
(၄) သွေးအားဖြည့်အစားအစာတွေ ပုံမှန်ထည့်စားပေးပါ
သွေးအားကောင်းစေမယ့် အစိမ်းရောင် အသီးအရွက်တစ်ချို့၊ အသား၊ ငါး၊ အစေ့အဆန် စတဲ့ အစားအစာတွေကို နေ့စဉ်စားတဲ့ အစာတွေထဲမှာ သင့်တင့်မျှတစွာ ထည့်စားပေးဖို့ လိုပါတယ်။
(၅) ခန္ဓာကိုယ်ကို Dry Brush လုပ်ပေးပါ
ရေမချိုးခင် အချိန်မှာ နူးညံ့တဲ့ Brush အပျော့စားနဲ့ ခန္ဓာကိုယ်အနှံ့ ခေါင်းစ ခြေဆုံး အသာအယာ ပွတ်တိုက်ပေးပါ။ ဒါဟာ သွေးလှည့်ပတ်မှုကောင်းစေပြီး အသားအရေကြည်လင်လှပဖို့လဲ အထောက်အကူပြုပါတယ်။
(၆) စိတ်ဖိစီးမှုကို လျှော့ချပါ
တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်ဝါသနာပါတာအတွက် အချိန်ပေးတာ စတဲ့ နည်းလမ်းတွေကို တစ်နေ့တာမှာ ရံဖန်ရံခါ ပြုလုပ်ပေးတာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး သွေးလှည့်ပတ်မှုကိုလဲ ပိုကောင်းစေပါတယ်။
သွေးလှည့်ပတ်မှုကောင်းတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ ရောဂါကင်းစေဖို့ အများကြီး ကူညီပေးတာကြောင့် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေဟာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)